နေရောင်ခြည် ကောင်းစွာရသည့် တိုင်းဒေသကြီးများတွင် ဆိုလာစီမံကိန်းများ ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီသွားရန်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်သည့် တိုင်းဒေသကြီးများတွင် အသား၊ ဥထုတ်လုပ်ရန်၊ နေရောင်ခြည်ကောင်းစွာရသည့် တိုင်းဒေသကြီးများတွင် ဆိုလာစီမံကိန်းများဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီသွားရန်ရှိ ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိတွင် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် နေပြည်တော်တွင် (၄) ခု၊ မန္တလေးတိုင်းတွင် (၃)ခု၊ ပဲခူတိုင်းနှင့် ရှမ်းပြည်နယ် တွင် (၁) ခုစီရှိကာ စုစုပေါင်း စက်တပ်ဆင်အင်အား (၅၃၀) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။
လက်ရှိ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းသည်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၈) ရုံ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ (၂၇) ရုံ၊ ဆိုလာစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ (၈)ရုံ တပ်ဆင်အင်အား (၆၃၇၁) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။
