လူမင်း၊ ပြေတီဦး၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့လည်းပါဝင်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ယနေ့ ဇန်နဝါရီ ၄ ရက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ဖြင့် ကျိုင်းယင်းဆရာတော်ကြီး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်တို့အပါအဝင် လူပုဂ္ဂိုလ်များကို နိုင်ငံတော် ယာယီသမ္မတမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့သည်။
နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတော်အတွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၏ “စည်သူဘွဲ့”အား ဘဒ္ဒန္တခေမာစာရ (ကျိုင်းယင်းဆရာတော်)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သရုပ်ဆောင် ပြေတီဦး၊ နေတိုး၊ ရန်အောင်၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ဒါရို-က်တာ ဝိုင်းတို့အပါအဝင် စာရေးဆရာကြီးများ၊ ဆိုင်းဆရာကြီးများ၊ သရုပ်ဆောင်များနှင့် အတတ်ပညာရှင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။
စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် “သီရိပျံချီ”ဘွဲ့ကို မဟာမြိုင်သဲဖြူဆရာတော်ကြီးအပါအဝင် ဆရာတော်များနှင့် လူပုဂ္ဂိုလ် (၄) ဦး၊ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် “သီဟသူရဘွဲ့”၊ “သူရဘွဲ့”၊ “ဝဏ္ဏကျော်ထင်ဘွဲ့၊ “သိပ္ပံကျော်စွာဘွဲ့”၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံ ဆိပ်ဖြစ်သည့် “သူရဲကောင်းမှတ်တမ်းဝင်”တံဆိပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် “ရဲသူရိန်” တံဆိပ်တို့ကိုလည်း ချီးမြှင့်အပ်နှင်းခဲ့သည်။
စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် “စီမံထူးချွန်”တံဆိပ် (ပထမဆင့်) ၊ “စီမံထူးချွန်တံဆိပ်”(ဒုတိယဆင့်) ၊ “စီမံထူးချွန်”တံဆိပ် (တတိယဆင့်) ၊ “အင်္လကာကျော်စွာဘွဲ့အား သရုပ်ဆောင် လူမင်း၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့အပါအဝင် စာရေးဆရာကြီး(သတင်းစာဆရာကြီးများ)၊ အတတ် ပညာရှင်များ၊ တေးရေးဆရာများ၊ ဂီတစာဆိုများ၊ ဆိုင်းပညာရှင်များ၊ ဒါရို-က်တာများ၊ ဂီတမှူးများကို ချီးမြှင့်အပ်နှင်းခဲ့သည်။
ထို့ပြင် “လူမှုထူးချွန်” (ပထမဆင့်) ၊ စီးပွားထူးချွန်တံဆိပ်ဖြစ်သည့် “ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်” (တတိယဆင့်) ၊ ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များဖြစ်သည့် “ဝိဇ္ဇာထူးချွန်တံဆိပ်” (ပထမဆင့်) ၊ “ဝိဇ္ဇာထူးချွန်တံဆိပ်” (ဒုတိယဆင့်) ၊ “ဆေးပညာထူးချွန်တံဆိပ်” (ပထမဆင့်) ၊ “အနုပညာထူးချွန်တံဆိပ်” (ပထမဆင့်) ၊ “စာပေပညာထူးချွန်တံဆိပ်” (ပထမဆင့်) တို့ကိုလည်း ချီးမြှင့်အပ်နှင်းခဲ့သည်။
