မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ အရေးပေါ်ကူညီကယ်ဆယ်ရေးမှ ပြန်လည်ထူ ထောင်ရေးသို့ ကူးပြောင်းဆောင်ရွက်မည်ဖြစ်ကြောင်း MRF မှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့ရှိ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ရန် MRF Operat ion AID (Action in Disaster) အစီအစဉ်ကို ဧပြီ (၁) ရက်တွင် စတင်ခဲ့ပြီး အသင်းချုပ်မှ ရန်ပုံငွေ ကျပ်သိန်း (၁၅,၀၀၀) ကို ထည့်ဝင်ထူထောင်ကာ ညီနောင်အသင်းများ၊ အသင်း ဝင်များ၊ စေတနာရှင်မိတ်ဆွေ များ၏ ထည့်ဝင်လှူဒါန်းမှုများနှင့် စုပေါင်း၍ ဧပြီလ (၁) ရက်မှ စတင်ကာ ကူညီကယ် ဆယ်ရေး၊ စားနပ်ရိက္ခာ ဖြန့်ဖြူး ထောက်ပံ့ရေးနှင့် လုပ်အား ပေးကူညီရေးစသော Humanitarian and Disaster Relief လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ အသင်းချုပ်၏ MRF Operation AID အစီအစဉ်အနေဖြင့် မေလ (၁)ရက်မှ စတင်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဓိက အလေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ဆန်စပါးနှင့် ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချမှု ကွင်းဆက်တွင်ပါဝင်သည့် Stake Holder များအား ၎င်းတို့၏ လိုအပ်မှုများကို စိစစ်၍ သင့်တင့်မျှတသော ကူညီထောက်ပံ့မှုများပေးခြင်း၊ လယ်ယာကဏ္ဍနှင့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၏ ဝန်ထမ်းမိသားစုများအား အကူအညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးတွင် အစိုးရဌာနများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
MRF Operation AID အစီအစဉ်၏ အရေးပေါ် ကူညီကယ်ဆယ်ရေးအဆင့်တွင် MRF Operation AID နှင့်အတူ ချက်ချင်းကူညီပံ့ပိုးကြသော လှူဒါန်းသူများနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ လုပ်အားပေး လူငယ် မောင်မယ်များနှင့် ပါဝင်ကူညီသူများအားလုံးအား ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း MRF နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်တိုက်တွန်းထားသည်။