သမိုင်းတလျှောက် စံချိန်တင် ဆန်ဈေးမြင့်တက်သည့်ဒဏ်ကို ခံနေရသော မဲဆန္ဒရှင်များကို ဒေါသထွက်စေခဲ့သည့် ယခုသီတင်းပတ်အတွင်းက သူ၏ မှတ်ချက်ပြုပြောစကားအတွက် တာဝန်ယူသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဂျပန်လယ်ယာဝန်ကြီး တာကူ အီတိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာသည် နုတ်ထွက်လိုက်သော အီတို၏ နေရာကို သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဟောင်း ရှင်ဂျီရို ကိုအီဇုမိနှင့် အစားထိုးမည်ဖြစ်ကြောင်း အင်န်အိပ်ချ်ကေနှင့် အခြားသတင်းမီဒီယာများက ဖော်ပြခဲ့သည်။
တနင်္ဂနွေနေ့က ပါတီရန်ပုံငွေရှာဖွေရေး အခမ်းအနားတစ်ခုတွင် သူ့ကိုထောက်ခံသူများက လက်ဆောင်ပေးကြေသာကြောင့် “ဘယ်တုန်းကမျှ ဆန် ဝယ်မစားရ” ဟု သူကပြောဆိုခဲ့ရာ သူ၏ ပြောစကားများကို မီဒီယာများက ပြန်လည်ဖော်ပြခဲ့ရာ အီတိုသည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
အဆိုပါ ပြောစကားကြောင့် အတိုက်အခံပါတီဝင်များနှင့် အာဏာရ ညွန့်ပေါင်းအဖွဲ့ လွှတ်တော်အမတ်များ၏ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရပြီး ဇူလိုင်လတွင် ပြုလုပ်မည့် အဓိကရွေးကောက်ပွဲများမတိုင်ခင် အာဏာချုပ်ကိုင်မှု ၌ ခပ်ယဲ့ယဲ့အနေအထားဖြစ်နေခဲ့သည့် ဝန်ကြီးချုပ် အီရှီဘာကို ထိခိုက်စေသည်။
“ပြည်သူတွေက ဆန်ဈေးမြင့်တက်တဲ့ ဒဏ်ကိုခံနေရတဲ့အချိန်မှာ အတော်မဆီလျော်တဲ့ စကားကို ကျွန်တော် ပြောမိခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်ရုံးသို့ နုတ်ထွက်စာတင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အီတိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
အီတိုသည် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည့် အီရှီဘာ၏ အစိုးရအဖွဲ့မှ ပထမဆုံး နုတ်ထွက်ရသည့် ဝန်ကြီးဖြစ်လာမည်ဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်မှစကာ ဆယ်စုနှစ်များစွာအတွင်း ဆန်ဈေးနှစ်ဆမြင့်တက်မှုသည် ဂျပန်မဲဆန္ဒရှင်များအတွက် ထိပ်တန်း စိုးရိမ်ပူပန်စရာဖြစ်လာခဲ့သည်။ အစိုးရအနေဖြင့် ဈေးနှုန်းထိန်းညှိရန် မတ်လကတည်းက လုပ်ဆောင်နေခဲ့သော်လည်း မဆိုစလောက်သာ အကျိုးသက်ရောက်မှုရှိသေးသည်။
Ref: စီအင်န်အေ