ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် စားအုန်းဆီများကို အိမ်ထောင်တစ်စုတွင် တစ်လလျှင် ၂ ပိဿာ ၅၀ ကျပ်သားနှုန်းဖြင့် ဝယ်ယူနိုင်ရန် ခရိုင်အလိုက် CALL CENTRE များ ထားရှိပြီး မှာကြားချက်များကို ၂၀၂၄ ခုနှစ် ဩဂုတ်လက စတင်ပြီး လက်ခံမှတ်သားပေးနေကြောင်း စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။
ယခင်က စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များမပါ တစ်ပတ်လျှင် ငါးရက် အမှာစာများကို လက်ခံလျက်ရှိပြီး လာမည့် ဧပြီလတွင် သင်္ကြန်ရုံးပိတ်ရက်များ များပြား၍ ဝယ်ယူမှု ခက်ခဲမှုမရှိစေရန် မတ်လ ၂၃ ရက်နေ့မှ စတင်ပြီး တနင်္လာနေ့မှ စနေနေ့ အထိ တစ်ပတ်ကို ၆ ရက်(အစိုးရရုံပိတ်ရက်မပါ) အထိ မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်၊
အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်လျှင် ၂ ပိဿာ ၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ရောင်းချပေးနေပြီး ၂၀၂၆ ဧပြီလ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ သင်္ကြန်ရုံးပိတ်ရက်များတွင် အမှာစာများ လက်ခံမည်မဟုတ်ကြောင်း သိရသည်။
ယခုတစ်ပတ် မတ်လ ၂၀ ရက်မှ ၂၆ ရက် အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၆၀၀ ဖြစ်ကြောင်း သိရသည်။
