အပတ်စဉ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်းလာသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၁၀၀၀၀) ကျပ် အထက်တွင်ရှိနေသေးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအနေဖြင့် တစ်ပိဿာ (၆၉၀၅) ကျပ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၁၀၀၀၀) အထက်တွင် ရှိနေပြီး ယခင်က သမဝါယမစာအုပ်ဖြင့် တစ်လလျှင် (၂) ပိဿာထုတ်ပေးနေရာမှ ယခုအခါ မိသားစု တစ်စုလျှင် တစ်ပိဿာသာ ဝယ်ယူလို့ရတော့ကြောင်း သိရသည်။
စားအုန်းဆီ ဈေးနှုန်းနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။
