မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကိုအသိအမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်း ၌ စာဆိုဗိမာန် အဆောက်အဦးကိုတည်ဆောက်လျက်ရှိသည်။
ထိုသို့ တည်ဆောက်နေမှုအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၁၉ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်မှုများအားသတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့်အဆောက်အဦးများဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားသည်။
” စာဆိုဗိမာန်ဆောက်ပြီးရင် ဓာတ်ပုံတွေနဲ့သမိုင်း အထောက်အထားစာရွက်စာတမ်းတွေကို ခင်းကျင်းပြသရာမှာ ကြည်လင်ပြတ်သားစွာပြသထားရှိနိုင်ဖို့လိုပါတယ်။ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အ ဆောက်အဦးကို ပြည်သူတွေဗဟုသုတဖြစ်စေဖို့နဲ့ စာဖတ်တဲ့အလေ့အကျင့်တွေ တိုးပွားစေရန်ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ဆိတ်ငြိမ်စွာနှင့် စာပေဖတ်မှတ်လေ့လာနိုင်ရေးစီမံဆောင်ရွက်ရန်၊ အဆောက်အဦးလုပ်ငန်းများအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့်သန့် ရှင်းသာယာလှပရေးတို့ကို စီမံဆောင်ရွက်ရန်လည်း မှာကြားပြီး စာဆိုဗိမာန် အဆောက်အဦးတည် ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ စာဆိုဗိမာန် အဆောက်အဦးကို (၃)ထပ်အဆောက်အဦးအဖြစ် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာများခင်း ကျင်းပြသမည့် ပြခန်းများ၊ ပေပုရပိုက်များ ခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေများ ခင်းကျင်းပြသမည့်ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိမည်ဖြစ်သည်။
ယခင် စာပေဗိမာန်စာကြည့်တိုက်သည် စာပေဗိမာန် (၃)ထပ်အဆောက်အဦး၏ ပထမထပ်တွင်တည်ရှိပြီး ယခုတိုးတက်လာသည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးမှု အခြေအနေများအရ နစက ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံသားများအသိဉာဏ်ပညာတိုးပွားစေရန်၊ မြန်မာစာပေဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေရန်၊ ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များတိုးပွားစေရန်ရည် ရွယ်၍ ယခင်အဆောက်အဦးအား ပြန်လည်ပြုပြင်မွမ်းမံကာ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်သည်။
