ရန်ကုန်၊ဇူလိုင်-၂၉
မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကတွင် ထင်ရှားသည့် စာကြည့်တိုက်ပညာရှင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) ၏ နာယကကြီး စည်သူ ဦးသော်ကောင်းသည် ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၅နာရီ ၂၇ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၈၉) နှစ်ရှိပြီဖြစ်သည့် ဆရာကြီး ဦးသော်ကောင်းသည် မြန်မာနိုင်ငံ၏ စာကြည့်တိုက်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရှေးဟောင်းပေစာ၊ ပရပိုက်စာများနှင့် အဖိုးတန်စာပေအမွေအနှစ်များ ရေရှည်ထိန်းသိမ်းရေးတို့အတွက် ဘဝတစ်လျှောက်လုံး စနစ်တကျ ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်သည်။
ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်ပညာဌာနကို စတင်တည်ထောင်ရာ၌ အဓိကပါဝင်ခဲ့ပြီး စာကြည့်တိုက်ပညာရှင်များနှင့် မျိုးဆက်သစ်သုတေသီများစွာကို မွေးထုတ်ပေးခဲ့သည်။
ထို့အပြင် တက္ကသိုလ်များဗဟိုစာကြည့်တိုက်၏ ဌာနမှူးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၏ နာယကအဖြစ်လည်းကောင်း တာဝန်ယူကာ စာပေနယ်ပယ်နှင့် စာဖတ်သူများအတွက် အဖိုးတန်အမွေအနှစ်များစွာကို ချန်ရစ်ပေးခဲ့သည်။
ဆရာကြီး၏ ကွယ်လွန်မှုအတွက် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) က အထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ထုတ်ပြန် မှတ်တမ်းတင်ထားသည်။