မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာသည်အထိ နောက်ဆက်တွဲငလျင် (Aftershocks) များ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေပြီး ယနေ့ (ဧပြီ ၂၈ ရက်) ညပိုင်းတွင်လည်း စဥ့်ကိုင်မြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ယနေ့လှုပ်ခတ်မှုသည် မန္တလေးငလျင်ကြီးနောက်ပိုင်း (၂၉၆) ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ ည (၈) နာရီ (၃၃) မိနစ် (၄၁) စက္ကန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့၏ အရှေ့ဘက် (၁၃) မိုင်ခန့်အကွာ၊ အနက် (၁၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး မဂ္ဂနီကျု (၃.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခြင်း ဖြစ်သည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အင်အားအနည်းငယ်ရှိသော နောက်ဆက်တွဲငလျင်ငယ်များသည် ရက်ဆက်နီးပါး ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ငလျင်ငယ်များသည် အင်အားပြင်းထန်မှု မရှိသော်လည်း ငလျင်ကြောများ၏ တည်ငြိမ်မှုနှင့် မြေပြင်အခြေအနေများကို ပညာရှင်များက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
