ဖေဖော်ဝါရီလ ၁၅ ရက်(စနေနေ့)ကို နောက်ဆုံးထား၍ ဂါဇာ ကမ်းေမြှာင် ဒေသမှ ဓါးစာခံများအားလုံးကို လွှတ်ပေးရန် နှင့် မလွှတ်ပါက ကြီးမား သော ဒုက္ခဘေး နှင့် ကြုံရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပြီး အစ္စရေး-ဟားမတ်စ် အပစ်ရပ်စဲမှုကို ဖျက်သိမ်းရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဟားမတ်စ်အဖွဲ့က နောက်ထပ် ဓါးစာခံ အကျဉ်းသား လဲလှယ်မှုအစီအစဉ်များကို ရွှေ့ဆိုင်းမည်ဟု ခြိမ်းခြောက်ကာ ဇန်နဝါရီလ ၁၉ ရက်တွင် အသက်ဝင်ခဲ့သော ရက်သတ္တခြောက်ပတ်ကြာ အပစ်ရပ်စဲမှု ပျက်ပြယ်သွားနိုင်သည့် အန္တရာယ်ကို ဖြစ်စေခဲ့ပြီးနောက်တွင် ထရမ့်ပ်၏ အရှေ့အလယ်ပိုင်းအရေး ၌ နောက်ဆုံးစွက်ဖက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
ဟားမတ်စ် တို့ ၏ လုပ်ရပ်သည် စိတ်ပျက်စရာဖြစ်သည်ဟု ထရမ့်ပ်က ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အစ္စရေး၏ နောက်ဆုံး အဆုံးအဖြတ်အတိုင်း ဖြစ်စေမည်ဟု ဆိုခဲ့သည်။
သင့်တော်သည့် အချိန်အခါဟု သူ ယူဆသော စနေနေ့ ၁၂ နာရီတွင် ဓါးစာခံအားလုံး ပြန်လွတ်မလာပါက အပစ်ရပ်စဲရေးနှင့် အပေးအယူများကို ပယ်ဖျက်ရန် မိမိ တောင်းဆိုသွားမည်ဖြစ်ကာ ဒုက္ခပင်လယ်ဝေသည့်အခြေစိုက်သွားစေမည်ဖြစ်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။
တစ်ယောက်လွှတ်၊ နှစ်ယောက်လွှတ်၊ သုံးယောက်လွှတ်နှင့် အချိန်ဆွဲမနေဘဲ ကျန်ရှိနေသော ဓါးစားခံအားလုံးကို လွှတ်ပေးသင့်သည်ဟု ထရမ့်ပ်က ပြောဆိုခဲ့သည်။
သူ အဆိုပြုလိုက်သော အချိန်ဇယားနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် စကားပြောဖြစ်နိုင်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
သူ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ထရမ့်ပ်က အသေးစိတ် ပြောဆိုခြင်းမပြုခဲ့ဘဲ သူဘာဆိုလိုသလဲဆိုသည်ကို ဟားမတ်စ်တို့ သိလာလိမ့်မည်ဟုသာ ဆိုခဲ့သည်။ အမေရိကန်တပ်များ ပါဝင်ပတ်သက်လာနိုင်ပါသလားဆိုသော မေးခွန်းကိုလည်း “ဘာတွေဖြစ်လာမယ်ဆိုတာ ငါတို့ တွေ့ကြရမှာပါ” ဟုသာ ဖြေကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
