မြန်မာနိုင်ငံတွင်ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းပြည်ပအဖျက်သမားများ၏ ထိုးနှက်တိုက်ခိုက်မှုများ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် ဆုံးရှုံး နစ်နာမှုများစွာဖြစ်ပေါ်စေခဲ့မှုများရှိခဲ့သည့်အတွက် အားလုံးတက်ညီလက်ညီဖြင့် စည်းစည်း လုံးလုံးကျော်ဖြတ်ပါက အခက်အခဲအကျပ်အတည်းများကြားမှ အမြန်ဆုံးရုန်းထွက်နိုင်မည်ဖြစ်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် ထမ်းဆောင်နေရသည့် ကိုယ်စီတာဝန်များအပြင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စဉ်ဆက်မပြတ် မျက်စိဖွင့် နားကိုစွင့်ထားကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅)တွင် မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့နာယက ဖြစ်သည့် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်၏ ကာကွယ်ရေးအရန်အင်အားစုကြီးဖြစ်ကာ တပ်မတော်မှအငြိမ်းစားယူပြီးနောက်တွင်လည်း “တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင်အမြဲတမ်း စစ်သားပင်”ဆိုသည့် စကားနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လိုအပ်ချိန်တိုင်း နိုးကြားတက်ကြွစွာတာဝန်ထမ်းဆောင်နေကြသဖြင့် ဝမ်းသာဂုဏ်ယူသည်ဟု ပြောသည်။
” နိုင်ငံလွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်တည်းက စစ်ပြန်စစ်မှုထမ်းဟောင်းကြီးတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြို့ရွာဒေသအလိုက် အချင်းချင်းအပြန်အလှန်အထောက်အကူပြုရင်း စစ်မှုထမ်းဟောင်းအဖွဲ့လေးတွေဖွဲ့ပြီး ဒေသဖွံ့ဖြိုးရေးနဲ့လုံခြုံရေးကိစ္စတွေမှာ ပရဟိတစိတ်နဲ့ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့အတူ ရှေ့လုပ်ငန်းစဉ်(၇)ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး(၅)ရပ် ကို စစ်သားကောင်းတစ်ယောက်ပီပီ လိုက်နာအကောင်အထည်ဖော်ပြီး ပြည်သူနှင့် တပ်မတော်ကြား ခိုင်မာသည့်ပေါင်းကူးသဖွယ်ဖြစ်အောင်ကြိုးပမ်းကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အား ဗဟိုဌာန ချုပ်ရုံး၊ တိုင်း/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့(၂၁)ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ (၃၀၈)ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး စစ်မှုထမ်းဟောင်းရေးရာများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကာ ရည်ရွယ်ချက်(၄)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၇)ရပ်တို့ချမှတ်ပြီး တပ်မတော်၏ အ ရန်အင်အားအဖြစ် နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသလုံခြုံရေးနှင့် ပြည်သူ့အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးကဏ္ဍများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိသည်။