ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည်စိုးရိမ်ရေမှတ်အောက်၏ ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ကြောင့် မဒေါက်မြို့နှင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် သတိပေး နှိုးဆော်ထားသည်။
အလားတူ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့(လွယ်တော်ခမ်းကျေးရွာ)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်တွင် ရောက်ရှိနေပြီးနောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် သတိပေးထားသည်။
