မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည် ထောင်ထားသော IBEC ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
IBEC ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာ၊ PLAN International နှင့် FLYDO အဖွဲ့တို့ပူးပေါင်း၍ သံတူရွင်း၊ သွပ်ကြိုး၊ အိမ်ရိုက်သံ၊ သံတူ၊ ပလာယာ၊ နိုင်လွန်ကြိုး၊ စောင်၊ ခြင် ထောင်၊ တာပေါ်လင်များကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
” လာမယ့် စက်တင်ဘာလထဲမှာ ဘုန်းဘုန်းအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကိုသွားပြီး ငလျင်နဲ့ပတ်သက်လို့ ဆက်အရေးဆိုမယ်။ ကူညီပေးရေးတောင်းဆိုမယ်။ ဒကာ၊ ဒကာမတွေအနေနဲ့လဲ ကိုယ့်မှာရှိတာလေးကို မရှိတဲ့သူ၊ လိုအပ်သူနဲ့ မျှဝေပေးကြပါ။ ကိုယ့်မှာ ဆန်ရှိရင် မရှိတဲ့လိုအပ်သူကို တစ်ရက်စာ၊ တပတ်စာ မျှဝေပေးပါ။ လူလုပ်တဲ့ဘေး၊ သဘာဝဘေးတွေကြားမှာ ဘုန်းဘုန်းတို့ လူသားဆန်တဲ့ နှလုံးသားလေးနဲ့ ကူညီရိုင်းပင်းရင်းနာလည်မှုရှိရှိနဲ့ ဖြတ်ရမယ်”ဟု IBEC ဆရာတော်က မိန့်ကြားခဲ့သည်။
IBEC ဆရာတော်သည် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့ပြီးနောက် အခက်အခဲကြုံတွေ့နေရသူများအား နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့များ၏ကူညီမှုဖြင့် ကူညီထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိကာ ကမ္ဘာ့ကုလသမဂ္ဂသို့ကြွရောက်၍ မြန်မာနိုင်ငံအား ကူညီရန်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကိုထောက်ပံ့မှုများမရပ်တန့်ရန်တို့ကို အရေးဆိုခဲ့သည်။