ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့်အဖွဲ့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား (၃၇) ရက်ကြာ ဆောင်ရွက်ပေးခဲ့သော အဖွဲ့ဖြစ်သည်။
မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း (၃,၆၄၃) ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ (၃၀၅) ဦးအား အသေးစားခွဲစိတ်မှု ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မလေးရှားနိုင်ငံ စစ်သံမှူး၊ ဆေးကုသရေးအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
“ဆေးကုသပေးခဲ့တဲ့အတွက် စစ်ကိုင်းမြို့ ပြည်သူများကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးကျေးဇူး တင်ရှိပါတယ်။ မလေးရှားဆေးအဖွဲ့နဲ့အတူပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့တဲ့ စစ်ကိုင်းမြို့၊ ဆေးရုံဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနက စေလွှတ်ပေးခဲ့တဲ့ ဆေးပညာရှင်တွေကို ကျေးဇူးတင်ရှိပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားသည်။
ထို့နောက် မလေးရှားနိုင်ငံ စစ်သံမှူး Colonel Norulhisyam bin Md Shuib က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့က မလေးရှားနိုင်ငံ စစ်သံမှူးနှင့် ဆေးကုသရေးအဖွဲ့ခေါင်းဆောင်များထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။