စစ်ကိုင်တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ အောက်တိုဘာလ (၂) ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
“စစ်ကိုင်းတိုင်းဒေသကြီးထဲက အခြေခံပညာကျောင်းတွေ အားလုံး ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေးနဲ့ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာကျောင်းတွေကိုတက်ရောက်ကာ အေးချမ်းစွာပညာသင် ကြားနိုင်ရေးအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ပညာရေးမှူးတွေနဲ့တာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။
ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ အနေဖြင့်လည်း မိမိတို့၏ ခရိုင်/မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကျောင်းဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းများသန့်ရှင်းသပ်ရပ်စေရေး၊ ကျောင်းဆောင်အဆောက်အဦးများ ကြံ့ခိုင်မှုရှိစေရေး၊ သင်ထောက်ကူနဲ့ကျောင်းပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိစေရေးအတွက် ရပ်ရွာပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ် ဦးမြတ်ကျော်က မှာကြားသွားသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် အခြေခံပ ညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး များက မိမိတို့ တာဝန်ယူထမ်းဆောင်နေသည့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ၊ သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းဆောင်အဆောက်အဦးများ ကြံ့ခိုင်မှုအခြေအနေများနှင့် ကျောင်းပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကြံပြုတင်ပြခဲ့ကြကြောင်း သိရသည်။
