အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။
ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ ခရီးသည်ပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
သို့သော် ခရီးသွားဧည့်သည်လာရောက်မှုရှိသော်လည်း တနိုင်တပိုင်ရောင်းချသည့်ဈေးသည်များမှာ အရောင်းအဝယ်အေးကြောင်း သိရသည်။
” ဧည့်သည်ကတောက်လျှောက်လာတယ်။ ဒါပေမယ့်အရင်လိုမရောင်းရတော့ဘူးပေါ့။ ဟိုးအရင်ကဆိုရင် ပင်လယ်စာအကင်တွေကရောင်းရတယ်။ ဧည့်သည်တော်တော်တော်များများကလည်း ဝယ်စားကြတယ်။ အခုကျတော့သိပ်မစားကြတော့ဘူး။ အရောင်းအဝယ်ကတော့ပါးလာတာပေါ့။ စားဖို့သောက်ဖို့တော့ကာမိပါတယ်” ဟု ကမ်းခြေတွင် ဈေးရောင်းချသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ထို့ပြင် လာမည့်အစိုးရရုံးပိတ်ရက်ရှည်ကာလအတွက် ကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ဘိုကင်ဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားရာ ဒေသတစ်ခုဖြစ်သည်။
ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းနှင့် Ngwe Square စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြသူများလည်းရှိကြောင်း သိရသည်။

