ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ ယခုနှစ်မိုးရာသီကာလအတွင်းခရီးသွား ဧည့်သည်ဝင်ရောက်မှုများပြားလျက်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ပုံမှန်အားဖြင့် မိုးရာသီကာလတွင် ကမ်းခြေသို့ ခရီးသွားအဝင်နည်းသော်လည်း ယမန်နှစ်ထက် ယခုနှစ်တွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားခဲ့ကြောင်း သိရသည်
ငွေဆောင်ကမ်းခြေသည် သာယာလှပပြီး ရေအရည်အသွေးကောင်းမွန်ခြင်း၊ သဲအရည်အသွေးကောင်းမွန်ခြင်း၊ ရေကူးသောနေရာများတွင် ဘေးကင်းလုံခြုံမှုရှိခြင်းတို့ကြောင့် ခရီးသွားများအား ဆွဲဆောင်မှုရှိသည့်အပြင် ကမ်းခြေနှင့် ဆက်စပ်ပြီး မြွေကျွန်း၊ ချစ်သူများကျွန်းနှင့်ညဈေး စသည့်နေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသို့ ပုသိမ်မြို့မှ မော်တော်ယာဉ်များဖြင့် လာရောက်လျှင် (၁)နာရီခန့်ကြာပြီး ရန်ကုန်မြို့မှ လာရောက်လျှင် (၅)နာရီခန့် ကြာမြင့်နိုင်ကာ ယခုအခါ အနယ်နယ်အရပ်ရပ်မှ ငွေဆောင်ကမ်းခြေသို့ ခရီးသည်တင် အဝေးပြေးယာဉ်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
