ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ စေတနာရှင်များက အလှူငွေများလှူဒါန်းခဲ့ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်ပို့ဆောင်ရေးဝန်ကြီးဟောင်း H.E. Mr. Makoto Koga မှ ယန်းငွေ ၅၀၀,၀၀၀ (ယန်းငါးသိန်း) ကို ဧပြီလ (၂၃) ရက်ကလည်းကောင်း၊ Sai no Kuni Health and Welfare Cooperative မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် EAINDRA Network Co., Lt d မှ ယန်းငွေ ၁၀၀,၀၀၀ (ယန်း ၁ သိန်း) တို့ကို ဧပြီ ၃၀ ရက်နေ့ကလည်းကောင်း၊ Medical Care Planning Co., Ltd မှ ယန်းငွေ ၃၀၀,၀၀၀ (ယန်းသုံးသိန်း) နှင့် Tokyo One Co., Ltd တို့မှ ယန်းငွေ ၂၀၀,၀၀၀ (ယန်းနှစ်သိန်း) ၊ ရှီနာဂါဝါမြို့ နယ်အတွင်းရှိ ဂျပန်နိုင်ငံသားစေတနာရှင်များမှ ယန်းငွေ ၄၀,၀၀၀ (ယန်းလေးသောင်း) တို့ကို မေလ (၇) ရက်ကလည်းကောင်း အသီးသီးလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မေလ (၉) ရက်အထိ မြန်မာသံရုံးတွင် စေတနာရှင်များနှင့် အဖွဲ့အစည်းအသီးသီးတို့မှ စုပေါင်းလှူဒါန်းငွေအနေဖြင့် ယန်း ၁၅,၀၁၃,၀၀၀ (ယန်း တစ်ဆယ့်ငါးသန်း တစ်သောင်းသုံးထောင်) အား လက်ခံရရှိခဲ့ပြီး စုစုပေါင်း ယန်း ၂၀,၀၀၀,၀၀၀ (ယန်း သန်း ၂၀ တိတိ) ပမာဏရှိ အစား အသောက်နှင့်ဆေးဝါးများ၊ သောက်ရေသန့်နှင့် ရွက်ဖျင်တဲများအား လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် AEON 1% Club Foundation မှ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူလူထုအတွက် လှူဒါန်းသော ယန်း ၁၀,၀၀၀,၀၀၀ (ယန်း ၁၀ သန်း) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီး ဖြစ်သည်။
အဆိုပါလှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ဆက်လက်ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။