မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးအား ယနေ့ မေ ၂ ရက်နေ့လည် ၁ နာရီက စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)၌ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးအား စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဒဏ်သင့်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်သင်ပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပျက်စီးဆုံးရှုံးသွားသည့်အရာများ ပြန်လည်ကုစားရေး၊ ကူည်ီထောက်ပံ့မှုများပြုလုပ်နိုင်ရေးတို့အတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတို့ကျောင်းပြိုကျပျက်စီးမှု၊ ပြန်လည်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားရှိမှုနှင့် လိုအပ်သည့်ကူညီထောက်ပံမှုများပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးလျှောက်ထားခဲ့ကြပြီး IBEC ဆရာတော်မှ ဘ/က နှင့် သ/က ကျောင်းများ၏ အခြေအနေများကိုသုံးသပ်၍ အနှစ်ချုပ်လျှောက်ထားခဲ့ကာ လိုအပ်သည်များဆက် လက်ဆောင်ရွက်နိုင်ရန် အစီအစဥ်များရေးဆွဲခဲ့ကြသည်။
အစည်းအဝေးသို့ စစ်ကိုင်းတိုင်း ဘ/က ဥက္ကဋ္ဌဆရာတော်၊ IBEC ဆရာတော်၊ ဘ/က ကျောင်းများမှ ဆရာတော်များ၊ သီလရှင်ဆရာလေးများ၊ ကူညီထောက်ပံ့မှုများပေးအပ်မည့် FLYDO လူမှုကူညီရေးအသင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။