ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့၌ ကျင်းပမည့် “အပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်များ တွေ့ဆုံပွဲ (BRIDGE Summer Camp 2026)” သို့ မြန်မာနိုင်ငံမှ Junior Ambassador ကျောင်းသားလူငယ် ကိုယ်စားလှယ်အဖွဲ့ သွားရောက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အတွက် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း (MJA) နှင့် အာရှ-ပစိဖိတ် ကလေးများညီလာခံ (APCC) တို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ (၆) ဦးကို စနစ်တကျ ရွေးချယ်ခဲ့ပြီး မတ်လမှစတင်ကာ စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲကို လာမည့် ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ (၁၀) ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း (၄၂) နိုင်ငံမှ လူငယ်ကိုယ်စားလှယ် (၂၀၀) ကျော် ပါဝင်တက်ရောက်မည်ဖြစ်သည်။
အစီအစဉ်အတွင်း ဂျပန်နိုင်ငံမှ Host ကျောင်းသားများနှင့်အတူ နေထိုင်ရမည့် Home Stay အစီအစဉ်၊ ဂျပန်စာသင်ကျောင်းများသို့ သွားရောက်လေ့လာမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ပါဝင်သူများအနေဖြင့် ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးစနစ်များကို လက်တွေ့လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ကျင်းပမည့် BRIDGE Festival 2026 ၌ မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတကာ လူငယ်များရှေ့မှောက်တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဇွန် ၂၂ ရက်တွင် အဆိုပါ ခရီးစဉ်သို့ သွားရောက်မည့် မြန်မာကျောင်းသားလူငယ် (၆) ဦးနှင့် အုပ်ချုပ်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ခရီးစဉ်အထောက်အကူပြုပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ပြီး ခရီးစဉ်အတွင်း မြန်မာ့ယဉ်ကျေးမှုကို ဂုဏ်ယူစွာ ဖော်ဆောင်ကာ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
