ဧပြီလ ၂၇ ရက်
ဂျပန်နိုင်ငံသည် အိုင်ဇုကျွန်းစု အလွန်တွင် ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်သည့် ရေပေါ်လေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ၎င်းမှာ အိုင်ဇုကျွန်းစုနှင့် တိုကျိုမြို့သို့ လျှပ်စစ်ဓာတ်အားပေးရန် ရည်ရွယ်ထားသည့် ၁ ဂစ်ဂါဝပ် အကြီးစားစီမံကိန်း ဖြစ်သည်။
သို့သော်လည်း အုပ်ချုပ်ရေးမှူး ယူရိကို ကိုအိကဲ အားပေးဆောင်ရွက်လျက်ရှိသော အဆိုပါစီမံကိန်းကို ၂၀၃၅ ခုနှစ်တွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မလားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ လျှပ်စစ်ဓာတ်အား ထွက်ရှိမည့် ခန့်မှန်းချက်များအပေါ် သံသယရှိနေကြသကဲ့သို့ ဂျပန်နိုင်ငံအနေဖြင့် ထိုကဲ့သို့သော အလွန်ကြီးမားသည့် စီမံကိန်း၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကိုင်တွယ်နိုင်မလားဆိုသည်မှာလည်း စိုးရိမ်စရာ ဖြစ်နေသည်။
အစိုးရ၏ အစီအစဉ်အရ ရေပေါ်တွင် ကျောက်ချထားသော လေအားလျှပ်စစ်တာဘိုင်များမှ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ ထုတ်လုပ်နိုင်စွမ်းနှင့် ညီမျှသော ၁ ဂစ်ဂါဝပ်ကို ထုတ်လုပ်ရန် ရည်မှန်းထားပေသည်။ နှိုင်းယှဉ်ချက်အရ လက်ရှိလည်ပတ်နေသော ကမ္ဘာ့အကြီးဆုံး ရေပေါ်လေအားလျှပ်စစ်စီမံကိန်းမှာ နော်ဝေနိုင်ငံတွင်ရှိပြီး ၉၄.၆ မဂ္ဂါဝပ်သာ ထွက်ရှိပါသည်။
ပင်လယ်ကြမ်းပြင်တွင် အသေတည်ဆောက်ခြင်းထက် ရေကြောင်းဂေဟစနစ်အပေါ် ထိခိုက်မှုနည်းပါးသော ရေပေါ်တာဘိုင်များကို အသုံးပြုရန် ရည်ရွယ်ထားပြီး၊ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ၁၆၀ ကီလိုမီတာခန့် ရှည်လျားသော ပင်လယ်ရေအောက် ကေဘယ်ကြိုးများမှတစ်ဆင့် ပို့လွှတ်ရန် စီစဉ်ထားပါသည်။ စီမံကိန်းအတွက် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၂.၇ ဘီလျံ ယန်း (အမေရိကန်ဒေါ်လာ ၁၆.၉ သန်း) လျာထားပြီး အိုရှီးမား၊ နီဂျီးမား၊ ကိုဇူးရှီးမား၊ မိယာကေးနှင့် ဟာချီဂျို ကျွန်းများတွင် ကနဦးလုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။
ပညာရှင်များ၏ အဆိုအရ အဆိုပါစီမံကိန်းသည် ရှုပ်ထွေးသော အင်ဂျင်နီယာပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ရေပေါ်တာဘိုင်များ တပ်ဆင်ရန် ဆိပ်ကမ်းအခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ နှစ်ရှည်ပတ်ဝန်းကျင်ဆန်းစစ်မှုများ ပြုလုပ်ခြင်းနှင့် ကုန်ကျစရိတ်ကြီးမားသော ရေအောက်ကေဘယ် သွယ်တန်းခြင်း စသည့် အခက်အခဲများ ရှိနေသည်။ ထို့အပြင် လေအားလျှပ်စစ်၏ ထုတ်လုပ်နိုင်စွမ်းမှာ နျူကလီးယားစက်ရုံများထက် နည်းပါးသဖြင့် ခန့်မှန်းချက်မှာ ပိုလွန်နေနိုင်ကြောင်းလည်း ထောက်ပြလျက်ရှိသည်။
ဂျပန်နိုင်ငံသည် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းအခြေခံနှင့် အိုင်ဇုကျွန်းစု၏ အားကောင်းသော လေတိုက်နှုန်း စသည့် အားသာချက်များရှိသော်လည်း၊ အဆိုပါကြေညာချက်မှာ အမှန်တကယ် အကောင်အထည်ဖော်မည့် စီမံကိန်းထက် မဟာဗျူဟာမြောက် ရည်မှန်းချက်အဖြစ်သာ နားလည်သင့်ကြောင်း သုံးသပ်ထားကြသည်။ စီမံကိန်း၏ ကနဦးအဆင့်များကို ၂၀၃၀ ပြည့်နှစ်နှောင်းပိုင်းမှသာ စတင်နိုင်ဖွယ်ရှိပြီး ၁ ဂစ်ဂါဝပ် အပြည့်အဝ ထုတ်လုပ်နိုင်ရန်မှာမူ ထိုထက်ပို၍ ကြာမြင့်နိုင်ပါသည်။ နည်းပညာပိုင်းအရလည်း ဂျပန်နိုင်ငံသည် ဥရောပနိုင်ငံများထက် နောက်ကျနေသေးကြောင်း ကျွမ်းကျင်သူအချို့က ဆိုသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
