ဂျပန်အစိုးရသည် ပြည်တွင်းနေ နိုင်ငံခြားသားများနှင့် ပတ်သက်သည့် မူဝါဒများကို ကြီးကြပ်ကိုင်တွယ်ရန်အတွက် အစိုးရအဖွဲ့အတွင်းဝန်ရုံးတွင် ဌာနသစ်တစ်ခုကို အင်္ဂါနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ရုံးဌာနသစ်သည် နိုင်ငံတွင်းရှိ နိုင်ငံခြားသားအချို့ကြောင့်ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် အခြားဖြစ်ရပ်များကဲ့သို့သော ပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည်။
ဂျပန်ပါလီမန်၏ အထက်လွှတ်တော်အမတ်များကို ရွေးချယ်မည့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အဓိကမဲဆွယ်အကြောင်းအရာတစ်ခုဖြစ်လာသော အဆိုပါကိစ္စရပ်ကို ဖြေရှင်းရေး အတွက် ၎င်း၏ ကြိုးပမ်းမှုများကို အရှိန်မြှင့်မည့် သန္နိဋ္ဌာန်ကို အစိုးရက ပြသရန် ရည်ရွယ်သည်။
“နိုင်ငံခြားသားတွေပတ်သက်လို့ လက်ရှိအခြေအနေတွေနဲ့ မကိုက်ညီတဲ့ စနစ်တွေကို ပြန်လည်သုံးသပ်နေချိန်မှာ စည်းကမ်းမလိုက်နာသူတွေကို တင်းတင်းကျပ်ကျပ် အရေးယူသွားဖို့ရာ ဒီဌာနသစ်က အရေးကြီးပါတယ်” ဟု ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်ခဲ့သည့် ရုံးသစ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် ၎င်းက တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။
ရုံးဌာနသစ်ကို အစိုးရအဖွဲ့ လက်ထောက်အတွင်းဝန်ချုပ် ဝါတာရု ဆာကာတာက ဦးဆောင်မည်ဖြစ်ကာ လူဝင်မှုကြီးကြပ်ရေးဌာနမှ လူများအပါအဝင် ဝန်ထမ်း ၇၈ ဦးရှိမည်ဖြစ်ကြောင်း သိရသည်။
Ref: Nippon.com
