ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမွေဆိုင်အငြင်းပွါးမှုရှိနေသည့် ခြံအမှတ် (၅၄) နေအိမ်လေလံ ကြမ်းခင်းဈေးကို ကျပ်(၂၉၇) ဘီလျံမှ ကျပ် ဘီလျံ (၂၇၀) သို့ လျှော့ချ၍ ရောင်းရန် ယနေ့ ဖေဖော်ဝါရီလ (၂၇) ရက် ရုံးချိန်း၌ ဦးအောင်ဆန်းဦးဘက်က တင်ပြထားကြောင်း သိရသည်။
ယင်းခြံအိမ်ကို (၃)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့သော်လည်း ၀ယ်ယူသူမရှိသေးသောကြောင့် ကျပ် ဘီလျံ (၂၇၀) သို့ လျှော့ချ၍ ရောင်းရန် တရားရုံးသို့ ဦးအောင်ဆန်းဦး ဘက်မှ တင်ပြလာခြင်း ဖြစ်သည်။
ထိုသို့ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ကန့်ကွက်လွှာကို လာမည့်တစ်ပတ် ကြာသပတေးနေ့ ရုံးချိန်းတွင် တင်ပြမည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင် ခြံအမှတ် (၅၄) ဟု ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံဖြင့် တစ်ကြိမ်၊ (၃၀၀)ဘီလီယံဖြင့် တစ်ကြိမ် လေလံတင် ရောင်းချခဲ့ပြီး တတိယအကြိမ်တွင် (၂၉၇)ဘီလျံဖြင့် လေလံတင်ရန် ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချကာ လေလံတင်သော်လည်း လက်ရှိအချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။
ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ (၈၃၇၆၅.၈၈) ပေ ရှိကြောင်းလည်း သိရသည်။
