ဇွန် ၃၀
ကော့မြစ်အတွင်း အာဆင်းနစ် ညစ်ညမ်းမှု ဖြေရှင်းရေး အစီအမံများကို မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာန (MFA) မှ ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မာရစ် စင်ဂျီယမ်ပေါင်စာ က ပြောသည်။
မစ္စတာ မာရစ် သည် စနေနေ့က ချင်းရိုင်မြို့သို့ သွားရောက်လည်ပတ်စဉ် မြစ်၏ ရေအရည်အသွေးနှင့် ညစ်ညမ်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် အား မေးမြန်းခဲ့သည့် မေးခွန်းတစ်ခုကိုဖြေကြားရန် အတွက် ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် မကြာသေးမီက တုံ့ပြန်ဖော်ပြတင်ထားခဲ့သည်။
မာရစ် က ဝန်ကြီးချုပ်နှင့် အစိုးရသည် ဒေသခံများ တင်ပြသည့် ပြဿနာများထဲတွင် အဆိုပါရေထုညစ်ညမ်းမှုကို ဦးစားပေးဖြေရှင်းရန် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုထားသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန (MFA) သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းပြီး ရေထုညစ်ညမ်းမှုပြဿနာကို လျော့ပါးစေရန်အတွက် အစီအမံများ ကို ဆောင်ရွက်နိုင်သော သဘောတူညီချက်တစ်ရပ်ရရှိရန် လက်တွဲဆောင်ရွက်နေကြောင်း မစ္စတာမာရစ် က ပြောကြားခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန (MFA) ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကျွမ်းကျင်ပညာရှင်အဖွဲ့သည် လာမည့်သီတင်းပတ်တွင် နေပြည်တော်၌ မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း မာရစ် က ပြောခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသည် ရေစီးကြောင်းအတွင်းသို့ ညစ်ညမ်းစေသော အညစ်အကြေးများဝင်ရောက်မှု တားဆီးထိန်းချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ၎င်း၏ မူလပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ရေထုညစ်ညမ်းမှု စီမံခန့်ခွဲရေး အစီအစဉ်ကို အဓိကထား အာရုံစိုက်ဆွေးနွေးမည်ဖြစ်သည်။
‘‘အနာဂတ်မှာ ရေရှည်တည်တံ့တဲ့ ညစ်ညမ်းမှု စီမံခန့်ခွဲမှုအတွက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဆီကနေ နည်းပညာအကူအညီရယူဖို့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်’’ ဟု မစ္စတာ မာရစ် က ပြောသည်။
စနေနေ့က ချင်းရိုင်ခရိုင်သို့သွားရောက်စဉ် ရေမျက်နှာပြင် အရည်အသွေး မြှင့်တင်ရေး အထူးဆပ်ကော်မတီ၏ ဒါရိုက်တာအဖြစ် ယာယီပြည်ထဲရေးဝန်ကြီး သီရရတ် စမ္မရဲဗန်နိချ် က ချင်းရိုင်အုပ်ချုပ်ရေးမှူးအား စနေနေ့ခရီးစဉ်အတွင်း မြစ်ရေအရည်အသွေး မြှင့်တင်ရေး လုပ်ဆောင်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ထိုကော်မတီအဖွဲ့အစည်းသည် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အထူးဖြေရှင်းပေးရန်ရည်ရွယ်၍ ပြည်နယ်အတွင်း စောင့်ကြည့်ရေးနှင့် စောင့်ရှောက်မှုဗဟိုစင်တာကို တည်ထောင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးကို ညွှန်ကြားထားသည်။
မြန်မာအာဏာပိုင်များက မြစ်ကြောင်း စစ်ဆေးရန် တာဝန်ရှိ သောအရာရှိများကို စေလွှတ်ထားကြောင်းနှင့် ဇူလိုင်လ ၂ ရက်မှ ၃ ရက် နေ့အထိ ကျင်းပမည့် ထိုင်း-မြန်မာ နယ်စပ်ရေးရာကော်မတီ အစည်းအဝေးတွင် ရလဒ်များကို အစီရင်ခံတင်ပြရန် မျှော်လင့်ထားကြောင်း မစ္စသီယာရတ်က ပြောသည်။
လွန်ခဲ့သည့်လတွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဒေသခံလူထုများက မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း အထူးသဖြင့် တရုတ်ကုမ္ပဏီများက စည်းကြပ်မှုမရှိသော ရွှေတူးဖော်မှုကို ပြဿနာ၏ အဓိကအကြောင်းရင်းအဖြစ် ကိုးကားဖော်ပြခဲ့ကြသည်။
Ref: ဘန်ကောက်ပို့စ်
