စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း တည်ဆောက်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)ပြီးသွားလျင် နာဂဒေသအစွန်အဖျား ကျေးရွာများ သွားလာရေးလွယ်ကူလာမည်ဖြစ်ကြောင်းသိရသည်။
“ဒေသ ထုတ်ကုန်တွေကို အလွယ်တကူသယ်ယူပို့ဆောင်နိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို အများကြီးအထောက်အကူပြုမယ့် တံတားကြီးတစ်စင်းဖြစ်ပါတယ်။ လေရှီးမြို့နယ်အစွန်အဖျားမှာရှိတဲ့ ဆွမ္မရာမြို့နဲ့ ပန်ဆပ်ကျေးရွာ၊ အနီးပတ်ဝန်းကျင် ကျေးရွာတွေကဒေသခံပြည်သူတွေဟာ ဟုမ္မလင်း၊ ခန္တီးနဲ့ မော်လိုက်ခရိုင်တွေကို လွယ်လွယ်ကူကူ သွားလာနိုင်မှာဖြစ်ပါတယ်”ဟု ထမံသီဒေသခံတစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းအားလုံး၏ (၆၆) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တည်ဆောက်နေသော ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြင့်တည်ဆောက်နေခြင်းဖြစ်သည်။
