ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ခါကာဘိုရာဇီရေခဲတောင် အနီးတဝိုက်မှ ထွက်ရှိသော ခါကာဘိုရာဇီ ပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါးပျားရည်ကို တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါးပျားရည်သည် တစ်နှစ်လျှင်တစ်ကြိမ်သာရရှိသော ရှားပါးဆေးဖက်ဝင် ပျားရည်ဖြစ်သဖြင့် ပြည်တွင်းတွင် ဈေးကောင်းရရှိသည်သာမက ပြည်ပနိုင်ငံများတွင်လည်း ဈေးကွက်ကောင်းမွန်စွာရရှိသော ပျားရည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပျားရည်အား တရုတ်နိုင်ငံဘက်မှလည်း ကြိုက်နှစ်သက်စွာ ဝယ်ယူမှုများရှိပြီး ပြည်တွင်းဈေးကွက်ထဲ၌ ပျားရည်ပုလင်း အသေး (၁) ပုလင်းလျှင် (၃၀,၀၀၀) ကျပ်မှ (၅၀,၀၀၀)ကျပ်အတွင်း ရောင်းချကြသလို အကြီး (၁) ပုလင်းလျှင် (၁)သိန်းဝန်းကျင်ခန့် ရောင်းချကြကြောင်း သိရသည်။
ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါး ပျားရည်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိသော ခါကာဘိုရာဇီ ရေခဲတောင်အနီးတဝိုက်ရှိ ကျောက်ဆောင်ကျောက်ကမ်းပါးများတွင် အုံစွဲလေ့ရှိသောပျားရိုင်းများ၏ ပျားအုံများမှ ထွက်ရှိသော ဆေးဖက်ဝင်ပျားရည်တစ်မျိုးဖြစ်ကာ မေလ နှင့် ဇွန်လပိုင်းတွင်သာ ဖွပ်ကြရကြောင်း သိရသည်။
