ဖိနှိပ်မှုဌာနများအဖြစ်မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများအဖြစ် သို့အသွင်ပြောင်းလဲနိုင်ခဲ့ ခြင်းကို ဂုဏ်ပြုသောအားဖြင့် ခမာနီနယ်မြေ သုံးခုကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် ဒေသများအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် တနင်္ဂနွေနေ့တွင် ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း အောင်ပွဲခံအခမ်းအနားများ ကျင်းပခဲ့ကြသည်။
သောကြာနေ့က ပါရီတွင်ပြုလုပ်သော ယူနက်စ်ကို အစည်းအဝေးအတွင်း ဖနွမ်ပင်ရှိ Tuol Sleng အကျဉ်းထောင်နှင့် Choeung Ek လူသတ်ကွင်းများ၊ ကမ်ပွန်ချာနန်ပြည်နယ်ရှိ အမ်-၁၃ အကျဉ်းထောင်တို့ကို “ဖိနှိပ်မှုဌာနများအဖြစ်မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများ အဖြစ်သို့–ကမ္ဘောဒီးယား၏ အောက်မေ့ဖွယ်နယ်မြေများ” အဖြစ် အမွေအနှစ်စာရင်းသွင်းခဲ့သည်။
“ဒါဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကာလကြာရှည် တိုက်ပွဲဝင်ခဲ့မှု၊ ပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးစိတ်ဓါတ်၊ ရက်စက်မှုတွေ ကြုံခဲ့ရသူတွေအတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေကို ပြသတဲ့ ကမ္ဘာအတွက် စံနမူနာတစ်ခုပါ” ဟု ယာယီယဉ်ကျေးမှုဝန်ကြီး Hab Touch က ပြောကြားခဲ့သည်။
ခမာနီနယ်မြေများသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပဉ္စမမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခြင်းဖြစ်ပြီး နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် ပထမဆုံး အမည်စာရင်းတင်ခြင်းဖြစ်ကာ ကမ္ဘာတစ်ဝန်း မကြာသေးခင်က ပဋိပက္ခနှင့် ဆက်စပ်သောနေရာများအနက် ပထမဆုံး အသိအမှတ်ပြုခံရခြင်းဖြစ်သည်။
အဆိုပါနေရာများသည် ပိုပေါ့အစိုးရလက်ထက် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုများကို အထင်အရှားအမှတ်အသားပြုထားရာနေရာဖြစ်ပြီး ယင်းကာလများအတွင်း ခန့်မှန်းခြေ လူပေါင်း ၁ ဒဿမ ၇ သန်းမှ ၂ ဒဿမ ၂ သန်းအထိ သေဆုံးခဲ့ရကာ အများစုသည် အစာငတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်။
ခန့်မှန်းခြေ အကျဉ်းသား ၁၅,၀၀၀ ထားရှိခဲ့ရာ Tuol Sleng အကျဉ်းထောင်သည် လက်ရှိတွင် လူမျိုးသုဥ်းသ-တ်ဖြတ်မှုဆိုင်ရာ ပြတိုက်ဖြစ်သည်။ Ref: ယူအက်စ်နူးစ်
ခမာနီတို့၏ နယ်မြေများကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း
