နီပေါ နိုင်ငံမြို့တော်ခတ္တမန္ဒူသည် တနင်္ဂနွေနေ့တွင် ကမ္ဘာ့လေထုအရည်အသွေး အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လေထုအရည်အသွေးအညွှန်းကိန်း 192 သို့ရောက်ရှိကာ ကမ္ဘာ့လေထုညစ်ညမ်းမှုအဆင့်တွင် မြို့တော်မှာ ထိပ်ဆုံးတွင် ရှိသည်။
ထူထဲသော မီးခိုးမြူခိုးများက တောင်ကြားကို ဖုံးအုပ်ထားကာ မြင်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေပြီး ပတ်ဝန်းကျင်တောင်ကုန်းများကို ဖုံးကွယ်ထားသည်။ မြင်နိုင်စွမ်း သိသိသာသာ ကျဆင်းသွားသည့် ထရီဗူဗန်(Tribhuvan) အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း အခြေအနေများ ဆိုးဝါးခဲ့သည်။
AQI အဆင့် 192 သည် ကျန်းမာရေးနှင့် မညီညွတ် သော လေထုအမျိုးအစားထဲတွင် ပါဝင်နေပြီး လေထုအရည်အသွေး စံချိန်စံညွှန်းအရ မြို့တော်နေပြည်သူများအတွက် ကျန်းမာရေး အန္တရာယ်များ ဖြစ်စေသည်။
အဆိုပါ လေထုညစ်ညမ်းမှုသည် တောင်ကြားအတွင်း ပိတ်မိနေသည့် တောမီးမှ မီးခိုးငွေ့များနှင့် ဆောက်လုပ် ရေး ဖုန်မှုန့်များ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ကျန်းမာရေး တာဝန်ရှိသူများက ပြင်ပ ထိတွေ့မှုကို ကန့်သတ်ရန်နှင့် အကာအကွယ်မျက်နှာဖုံးများကို အသုံးပြုရန်၊ ကျန်းမာသော လူများကြားပင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ကြောင်း သတိပေးထားသည်ဟုသိရသည်။
Ref ခတ္တမန္ဒူပို့စ်
