စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းပါက ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော ဖွံ့ဖြိုးရေးချေး ငွေနှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းက မ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ချေးငွေအရင်း၊ အတိုးများပါ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ မေလ (၁၉) ရက်မှစတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတဆင့် ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၅ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားသည်။