ထိုင်းနိုင်ငံတွင် ကြာသပတေးနေ့မှ နောက်တစ်ပတ် တနင်္လာနေ့အထိ မိုးသည်းထန်စွာမှ အလွန်သည်းသည်းထန်ထန် ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်မှ အလွန်သည်းထန်စွာ ရွာသွန်းမှုများရှိလာနိုင်သည်ဟု ဌာနညွှန်ကြားရေးမှူးချုပ် ဆန်ဂူညာနီး ယာဗင်ချန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါကာလအတွင်း အထူးသဖြင့် တောင်စောင်းဒေသများ၊ ရေလမ်းကြောင်းများနှင့် မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနိုင်သည်။
ဘင်္ဂလားပင်လယ်အော်အထက်ပိုင်းသို့ ရွေ့လျားမည့် လေဖိအားနည်းရပ်ဝန်းတစ်ခု၏ အခြေအနေအရ ယင်းသို့ ရာသီဥတုခန့်မှန်းချက်ထုတ်ပြန်ရခြင်းဖြစ်ပြီး အနောက်တောင်မုတ်သုံလေသည် အဒ္ဒမန်ပင်လယ်၊ ထိုင်းနှင့် ထိုင်းပင်လယ်ကွေ့တို့တွင် ပိုမိုအားကောင်းလာမည်ဖြစ်သည်။
အဒ္ဒမန်ပင်လယ်တွင် ကြာသပတေးနေ့မှ လာမည့် တနင်္လာနေ့အထိ လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ ရှိနိုင်ပြီး မိုးသည်းထန်စွာရွာသွန်းပါက ၃ မီတာထက်ပို၍ မြင့်မားနိုင်သည်ဟု ဆိုသည်။ ထိုကာလအတွင်း ရေယာဉ်ငယ်များအနေဖြင့် ကမ်းတွင်သာကပ်ထားကြရန် မစ္စ ဆန်ဂူညာနီးက အကြံပြုခဲ့သည်။။
Ref ဘန်ကောက်ပို့စ်
