ပြည်တွင်းရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနေကြောင်း နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ဆေးဝါးတက္ကသိုလ် – ရန်ကုန် “ကံ့ကော်ဆောင်” အဆောက်အအုံဖွင့်ပွဲ၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
ထိုကဲ့သို့ မွေးထုတ်ပေးလျက်ရှိရာ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် သူနာပြုသားဖွားသင်တန်းကျောင်းများမှ ယနေ့အထိ ဆေးပညာရှင် ဆရာဝန် ၄၉၅၅၃ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၅၇၄၅ ဦး၊ ဆေးဝါးပညာရှင် ၄၅၀၇ ဦး၊ ဆေးဘက်ဆိုင်ရာပညာရှင် ၄၈၄၅ ဦး၊ သူနာပြုသိပ္ပံနှင့် သူနာပြုသားဖွားဒီပလိုမာဘွဲ့ရ ၉၆၄၅၄ ဦး၊ အခြေခံကျန်းမာရေးပညာရှင် ၂၅၈၃ ဦးတို့ကို မွေးထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်တစ်ခု၏ အုပ်ချုပ်ရေး၊ သင်ကြားရေးအဆောက်အအုံများ၊ ဆရာဆရာမ ကျောင်းသားအချိုး၊ သင်ထောက်ကူပစ္စည်းများ ရရှိမှုအခြေအနေများအပြင် အေးချမ်းလုံခြုံစွာနေထိုင်၍ ပညာသင်ကြားနိုင်ရန် ကျောင်းသား ကျောင်းသူအဆောင်များ ထောက်ပံ့ဖြည့်ဆည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမှာလည်း တက္ကသိုလ်၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (University Ranking) အတွက် အဆင့်အတန်းမြင့်မားရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် အထူးရန်ပုံငွေများကို နှစ်စဉ်ချထားပေးလျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဆေးကုသဆောင်များ၊ ကျောင်းသား ကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသည့် ဆေးဝါးပညာရှင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြာင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အသစ်ဖွင့်လှစ်ခဲ့သည့် “ကံ့ကော်ဆောင်” သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ပြီး တန်ဖိုးငွေကျပ်သန်း ၁၈၃၆ ဒသမ ၀၀၀ ဖြစ်ပြီး ကျောင်းသူ ၁၁၀ ဆံ့ နေထိုင်နိုင်သည့် အကျယ်စတုရန်းပေ ၂၁၆၀၀ ရှိ လေးထပ်ဆောင်ဖြစ်ကြောင်း သိရသည်။
