တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ နှစ်ပေါင်း(၆၀)ခန့်အဆောက်အဦးကို မြန်မာ့ယဉ်ကျေးမှုအနုသုခုမလက်ရာများဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက်ဆိုက်ကပ်လာ၍ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အဖြစ် ပြင်ဆင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံကြားကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဆက်သွယ်ရေးကို မြှင့်တင်ရန်၊ နယ်စပ်ဖြတ်သန်းမှု စနစ်တကျဖြစ်စေရန် နိုင်ငံတကာအဆင့်မီသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအဖြစ်လည်း ပြင်ဆင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လာမည့်ခရီးသွားရာသီများတွင် နေ့ ချင်းပြန်/ညအိပ်ကျွန်းအလည်အပတ်ခရီးစဉ်များဖြင့်လာရောက်လည်ပတ်ပြီး ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်သော ရေ၊ မြေ၊ တော၊ တောင်တို့ရဲ့ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွား ဧည့်သည်များပိုမိုဝင်ရောက်လာနိုင်သည်ဟု ပြောသည်။
” နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ မိမိတို့ဒေသကိုလာရောက်လည်ပတ်တဲ့အခါမှာ မြို့ရဲ့နယ်စပ်ဝင် ပေါက်/ထွက်ပေါက် အထိမ်းအမှတ်တစ်ခုဟာ အခုလိုခမ်းနားကြီးကျယ်ပြီး မြန်မာ့ယဉ်ကျေးမှုအနုသုခုမလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ အဆောက်အဦးကိုစတင်မြင်တွေ့လိုက်တာနဲ့ ဂုဏ်ယူဖွယ်ရာရရှိပြီး ကော့သောင်းမြို့ရဲ့တိုးတက်လာတဲ့လူနေမှုအဆင့်အတန်းတွေကိုလည်း သိရှိနားလည်ပြီးသားဖြစ်မှာပါ”ဟု တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုက ပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ် အဆောက်အဦးသစ်အား တနင်္သာရီတိုင်းအစိုးရအ ဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကျပ်(၁၆၉၇ ဒသမ ၁၄)သန်းဖြင့် ၂၀၂၃ ခုနှစ်မှစတင်ကာ နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှတာဝန်ယူဆောက် လုပ်ခဲ့ခြင်းဖြစ်ကာ သံကူကွန်ကရစ်အဆောက်အဦးအမျိုးအစားဖြစ်ပြီး အလျား(၁၂၀)ပေ၊ အနံ(၆၀) ပေ၊ အမြင့်(၁၄)ပေရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုလွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ယခုဖွင့်လှစ်ခဲ့သည့် အဆောက်အဦးသစ်ဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကော့သောင်းမြို့၏ သဘာဝအလှတရားများဖြစ်သော ရေ၊ မြေ၊ တော၊ တောင်တို့၏ အလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ဆိုက်ရောက်ထွက်ခွာရာ၌ ကော့သောင်းမြို့၏ ဂုဏ်ယူဖွယ်ရာရှိပြီး အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင် ပေါက်/ထွက်ပေါက်အဖြစ် ဆောင်ရွက်နိုင်ပြီဖြစ် ကြောင်း သိရသည်။