ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်းတွင် ကျုံးကူးတံတားတည်ဆောက်သွားမည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးပြန်လည်တူးဖော်ထားမှု၊ မော်ကွန်းတံခါးပြန်လည်ဖော်ထုတ်နေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေး၍ ရှေးဟောင်းဆိုင်ရာများ တူးဖော်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်ရာတွင် သုတေသနပြုခြင်း၊ တိကျခိုင်မာသည့် အထောက်အထားများရှာ ဖွေခြင်းများပြုလုပ်ရန် မှာကြားသည်။
မြို့ရိုး/တံခါးပေါက်နှင့် ဆက်စပ်အဆောက်အဦးနေရာများဖော်ထုတ်ရန်၊ ကေတုမတီမြို့ဟောင်းသည် ရေကျုံးနှင့် နွံ့ကျုံး(၂)ထပ် ကာရံထားသည့် ထူးခြားသောမြို့ဟောင်းတစ်ခု၍ မြို့ရိုးပေါ်ရှိ အဆောက်အဦများဖယ်ရှားရာတွင် ရှေးဟောင်းသမိုင်းဆိုင်ရာအထောက်အထားများ ထိခို-က်မှုမရှိစေရေးနှင့် ကျုံးပတ်လမ်းကောင်းမွန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ထို့အတူ ရှေးဟောင်းဘုတ်တလုပ်ရေကန်ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနေမှု၊ ကန်ပတ်လမ်းကတ္တရာထပ်ပိုးလွှာခင်းနေမှု၊ ဘုတ်တလုပ်ကန်နှင့်သက်ဆိုင်သည့် အုတ်စီ/အုတ်ရိုးရှာဖွေတူးဖော်နေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးကာ ရှေးဟောင်းကန်အတွင်း ရေဆိုးဝင်ရောက်မှုမရှိစေရေးအတွက် ရေထုတ်မြောင်းများထည့်သွင်းတည်ဆောက်ရန်၊ ရေကန်နယ်နိမိတ်အား စနစ်တကျကာရံထားရန်၊ သမိုင်းဆိုင်ရာအထောက်အထားများကို အများပြည်သူသိရှိတန်ဖိုးထားနိုင်ရေး ဆိုင်းဘုတ်တင်ထားရှိရန်၊ ကန်ဘောင်တစ်လျောက် စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
