ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ စနေနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကာ ကမ္ဘောဒီးယား-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည့် အခွင့်အလမ်းသစ်များနှင့်ပတ်သက်၍ အလေးထား ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် ယခုနှစ် ဧပြီလအတွင်းက သမ္မတရှီ၏ အထင်ကရ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အမှတ်တရပြန်ပြောင်းပြောဆိုခဲ့ကြပြီး ခေတ်သစ်တွင် ဘုံအနာဂတ်နှင့်အတူ အမြဲတမ်း ကမ္ဘောဒီးယား-တရုတ် အသိုက်ဝန်းဆိုရာ မျှော်မှန်းချက်ကို ရှေ့တိုး ဖော်ဆောင်သွားရန် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယမန်နေ့(စက်တင်ဘာ လ ၁ ရက်နေ့) တွင် ထုတ်ပြန်ပြောကြားခဲ့သ်။
ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစည်းမှုကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံကြောင်း ရှီက ကတိပြုခဲ့ပြီး စိန်ဆဋ္ဌဂံ မူဘောင်၊ ငါးနှင့် ဆန်စပါး စင်္ကြန်၊ စက်မှုလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ စင်္ကြန်တို့အောက်မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အလေးပေးပြောကြားခဲ့သည်။ ထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်များနှင့် ပို့ဆောင် ဆက်သွယ် ဆက်ဆံရေးများကို အားကောင်း ခိုင်မာစေမည့် စီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်ရေးကိုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၏ လူမှုစီးပွားဘဝတိုးတက်မှုများအတွက် အခိုင်အမာပံ့ပိုးကူညီမှုများအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း မစ္စတာ ဟွန်မာနက်က ပြောကြားခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဒေသတွင်းကုန်သွယ်မှုကိုမြှင့်တင်ရန် ရည်ရွယ်ထားသည့် ဖူနန်တက်ခ်နို တူးမြောင်းနှင့် ဘက်စုံရေစီမံခန့်ခွဲမှုစီမံကိန်းအပါအဝင် အဓိကအခြေခံအဆောက်အအုံများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍကို ၎င်းက အလေးပေးပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများအတွက် မြင်သာထင်သာရှိသော အကျိုးခံစားခွင့်များပေးဆောင်ရန် နှစ်နိုင်ငံအဖွဲ့အစည်းများအကြား အနီးကပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အခြေခံအဆောက်အဦးစီမံကိန်းများကို အချိန်နှင့်တပြေးညီအကောင်အထည်ဖော်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ref: ခမာတိုင်းမ်စ်
