အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ခဲ့ကြပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် ဆိုက်ဘာရာဇဝတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနှင့် အင်ဒိုနီးရှားတို့ ကတိပြုခဲ့ကြသည်။
တနင်္လာနေ့က ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာနှင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုတို့အကြား ထိုင်းအစိုးရအိမ်တော်၌ အဆင့်မြင့်အရာရှိအဆင့် တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့အပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့သည်။
မေလ ၂ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၁၀ ကြိမ်မြောက် ပူးတွဲကော်မရှင်အစည်းအဝေးတွင် သဘောတူခဲ့သည့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာစေရေး တိုးတက်မှုတွင် မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။
မစ္စတာ ပရာဘိုဝို၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ခေါင်းဆောင်များ၏ ဆွေးနွေးတိုင်ပင်မှု မူဘောင်အောက်ရှိ ပထမအဆင့် အဆင့်မြင့်အရာရှိအစည်းအဝေးတွင် ဆွေးနွေး၊ သဘောတူခဲ့ကြသည့် အဓိကအကြောင်းအရာများတွင် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ခြင်းလည်း ပါဝင်သည်။
မစ္စတာ ပရာဘိုဝို၏ ခရီးစဉ်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် သမ္မတတာဝန်ယူခဲ့ပြီးနောက် ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်သကဲ့သို့ နှစ်ပေါင်း ၂၀ အတွင်း ထိုင်းနိုင်ငံသို့လာရောက်သည့် အင်ဒိုနီးရှား သမ္မတတစ်ဦး၏ ပထမဆုံး နိုင်ငံတော်ခရီးစဉ်လည်းဖြစ်သည်။
မစ္စတာ ပရာဘိုဝို၏ ခရီးစဉ်သည် ယခုနှစ်တွင် သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သော နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် အခွင့်အလမ်းဖြစ်ကြောင်း မစ္စပေတုံတန်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခြင်းသည် နှစ်နိုင်ငံအကြား သမိုင်းတွင် စာမျက်နှာသစ်ဖွင့်လှစ်နိုင်လိမ့်မည်ဟု မစ္စတာ ပရာဘိုဝိုက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
