ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေးနှင့် အခြေခံအဆောက်အဦးပြုပြင်ပြောင်းလဲရေးကို မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာနှင့် လုပ်ကြံခံခဲ့ရသော သမ္မတဟောင်း ဇိုင်ယာရာမန်တို့၏ သားဖြစ်သည့် အသက် ၆၀ အရွယ် ရာမန်သည် အင်္ဂါနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တိုင်းပြည်အတွက် အရေးကြီးသောအချိန်တွင် ရာထူးတာဝန်ထမ်းဆောင်ခဲ့ရသည်။
ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ရုပ်သံမှတဆင့် ရာမန်က ဥပုသ်လအစ ရမ်ဇာန်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကုန်သည်များအနေဖြင့် အမြတ်ကြီးစားမလုပ်ကြရန် သတိပေးခဲ့သည်။
ဆန်၊ စားသုံးဆီ၊ သကြားနှင့် ပဲစေ့ကဲ့သို့သော အဓိကစားသုံးကုန်များသည် ရမ်ဇာန်ကာလအတွင်း ဝယ်လိုအားမြင့်တက်ခြင်းကြောင့် ပုံမှန်အားဖြင့် ဈေးမြင့်တက်လေ့ရှိသည်။
“ရမ်ဇာန်က မိမိကိုယ်ကိုယ်မိမိ သန့်စင်တဲ့လဖြစ်ပါတယ်။ ဒီကာလမှာ အများပြည်သူရဲ့ အခက်အခဲတွေကို မတိုးပွားစေသင့်ပါဘူး” ဟု ရာမန်က ပြောကြားခဲ့သည်။ ရမ်ဇာန်လကို အမြတ်ထုတ်ရမည့် လတစ်လအဖြစ် မယူဆရန်နှင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို တတ်နိုင်သမျှ ရရှိအောင်လုပ်ဆောင်ပေးရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ငွေကြေးဖောင်းပွမှုမြင့်တက်နေချိန်တွင် ၎င်း၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ၈ ဒဿမ ၅၈ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်မေလနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ကာ စားသောက်ကုန်ဈေးနှုန်းများသည် အိမ်ထောင်စုအသုံးစရိတ်များကို ဆက်လက်ဖိအားဖြစ်စေလျက်ရှိသည်။
၎င်း၏ အစိုးရအနေဖြင့် စားသုံးသူများကို အမြတ်ထုတ်သည့် ဈေးကွက်အဖွဲ့အစည်းများကို ဖျ-က်သိမ်းပြီး ဝယ်သူ၊ ရောင်းသူ နှစ်ဦးနှစ်ဖက်စလုံးကို အကာအကွယ်ပေးရန် ယန္တရားများကို ခိုင်မာအားကောင်းအောင်လုပ်ဆောင်မည်ဖြစ်ကြောင်း ရာမန်က ပြောကြားခဲ့သည်။
Ref: တီအက်စ်
