ကိုရီးယားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် ယာဉ်တိုက်ခံရပြီး ကွယ်လွန်ခဲ့ရသည့် မြန်မာလုပ်သား ကိုပြေသိန်း၏ နာရေးကို စက်တင်ဘာ (၁၀) ရက်မှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ်၊ ဟာ့ချောင်ဂွန်ရှိ ယောင်းအင် တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ဩဂုတ် (၇) ရက် နံနက်ပိုင်းက မြေတင်ကား တိုက်မိကာ ရုတ်တရက် ကွယ်လွန်ခဲ့ရသော အသက် (၂၇)နှစ် အရွယ် မြန်မာအလုပ်သမား ကိုပြေသိန်း၏ ဈာပနကို စက်တင်ဘာ (၁၀) ရက် တနင်္ဂနွေနေ့ နေ့လယ် (၁) နာရီတွင် ဒီမိုကရေစီအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဂယောင်းနမ်ဒေသ (၄) လွှာ အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နာရေးအခမ်းအနား ပထမပိုင်းတွင် ကွယ်လွန်သူ ကိုပြေသိန်းအား ရည်စူး၍ ပင့်သံဃာများအား ပစ္စည်းလေးပါးအတွက် လှူဒါန်းကာ ရေစက်သွန်းချ အမျှအတမ်း ပေးဝေခြင်းများပြုလုပ်မည်ဖြစ်ပြီး ဒုတိယပိုင်းတွင် ကိုရီးယား ရိုးရာအရ ကွယ်လွန်သူအား အောက်မေ့ဖွယ် အခမ်းဘအနား ကျင်းပကာ တတိယပိုင်းတွင် သုဿာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ကိုပြေသိန်းမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
၎င်းသေဆုံးမှုအတွက်လည်း လုပ်ငန်းခွင် ထိခိုက်မှု အမှုမှန် ပေါ်ပေါက်ရေး အစွမ်းကုန် လုပ်ဆောင်မည်ဟု ကိုရီးယားရောက် မြန်မာအလုပ်သမားများကို အကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။

