အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏ အေဂျင့်က ပြောကြားလိုက်သည်။
“ရဲတပ်ဖွဲ့က လောလောဆယ်မှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ အမြန်ဆုံး အသိပေးသွားမှာပါ” ဟု သူ၏ အေဂျင်စီ Son & Football Limited ကသတင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ “ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင်က သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု သတင်း၌ ရေးသားဖေါ်ပြထားသည်။
ရဲတပ်ဖွဲ့က အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်းနှင့် ၎င်းတို့သည် ကိုယ်ဝန်ရခဲ့သယောင် လုပ်ကြံဇာတ်ဆင်၍ ဆွန်ထံမှ ငွေညှစ်ရန် ကြိုးစားခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ ဒေသတွင်း မီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါ သတင်းများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဆိုးလ်ဂမ်နမ်ရဲစခန်းက လတ်တလော၌ တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
အင်္ဂလန် ပရီးမီးယားလိဂ်တွင် အောင်မြင်နေရုံသာမက နိုင်ငံလက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူထားသော ဆွန်(၃၂ နှစ်) သည် တောင်ကိုရီးယားတွင် အလွန်ရေပန်းစားသူဖြစ်သည်။
Ref: အီးအက်စ်ပီအင်န်