ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေး လုပ်ငန်းများအား ထုတ်ချေးပေးခဲ့သော ချေးငွေများကို လက်ရှိအချိန်ထိ လာရောက်မပေးသွင်းပါက နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြမည်ဖြစ်ကြောင်းကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း (၁) နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် ချေးငွေသက်တမ်း (၃) နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်တွင် အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။
ယခုအခါ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်- ၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက် ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်တွင် ပထမအကြိမ် အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်- ၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝ မပေးဆပ်သည့် ကုမ္ပဏီ/ လုပ်ငန်း (၄၈၆) ခုအား ကုမ္ပဏီ/ လုပ်ငန်းအမည်၊ လုပ်ငန်းရှင် အမည်၊ နေရပ်လိပ်စာ အပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးကြေညာထားသည်။
