ပြီးဆုံးသွားသည်မှာရက်ပိုင်းမျှသာရှိသေးသော တိုင်ဖွန်းမုန်တိုင်း”ကာဂျကိ”အပြီးတွင် တောင်တရုတ်ပင်လယ်ပြင်၌ အပူပိုင်းမုန်တိုင်း“နောင်ဖ”ဖြစ်ပေါ်လျက်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သြဂုတ် ၃၀ ရက်က “နောင်ဖ”သတင်းအမှတ်စဥ်(၀၅/၂၀၂၅)ဖြင့် အသိပေးခဲ့သည်။
အဆိုပါ အပူပိုင်းမုန်တိုင်း“နောင်ဖ” ၏ဗဟိုချက်လေဖိအားမှာ(၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတို-က်နှုန်းမှာ တစ်နာရီလျှင်(၄၅)မိုင်နှုန်းခန့်ဖြစ်ကာ လာမည့် ၂၄ နာရီအတွင်း လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်အား လျော့သွားနိုင်သည်ဟု အသိပေးခဲ့သည်။
ယင်း “နောင်ဖ”မုန်တိုင်းအရှိန်ကြောင့် ယနေ့ သြဂုတ် ၃၀ ရက်နေ့လယ်မှ စက်တင်ဘာ ၃ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
ယင်း တိုင်းနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
