တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ခြိမ်းခြေ-ာက်မှုဒဏ်ကို ခံနေကြရသော အာရှနိုင်ငံများအနေဖြင့် ဥရောပမဟာမိတ်များကို ဝါရှင်တန်က မျှော်လင့်ထားသည့် ပမာဏနှင့် ကိုက်ညီသည်အထိ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲရန် အမေရိက,က မျှော်လင့်ထားသည်။
အာရှ-ပစိဖိတ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ကာကွယ်ရေးခေါင်းဆောင်များ၏ ၂၂ ကြိမ်မြောက် ရှန်ဂရီလာဆွေးနွေးပွဲသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က မေ ၃၁ ရက်တွင် ထိုသို့သော သတင်းစကားကို ပေးလိုက်သည်။
“ဒီလိုပြောထွက်တာတော့ ယုံရခက်ပါတယ်။ ဒါပေမဲ့ အာရှမဟာမိတ်တွေနဲ့ မိတ်ဖက်တွေဟာ ဥရောပနိုင်ငံတွေကို နမူနာသစ်အနေနဲ့ ကြည့်သင့်ပါတယ်။ ဂျာမနီအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးအပေါ် သူတို့ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်း သုံးစွဲဖို့ကတိပြုထားကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သော မြူးနစ်လုံခြုံရေးညီလာခံတွင် အဆိုပါအသုံးစရိတ်မျှော်မှန်းချက်ကို ဥရောပမဟာမိတ်များက်ု မစ္စတာ Hegseth က ဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မြောက်ကိုရီးယားကို ထည့်မပြောသေးဘဲ ကွန်မြူနစ်တရုတ်ရဲ့ ပိုကြောက်စရာကောင်းတဲ့ ခြိမ်းခြေ-ာက်မှုကို ရင်ဆိုင်ရချိန်မှာ အာရှမှာရှိတဲ့ အဓိက မဟာမိတ်တွေ၊ မိတ်ဖက်တွေရဲ့ အသုံးစရိတ်က နည်းလွန်းနေရင် ဥရောပနိုင်ငံတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိနိုင်မှာလဲ” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
“နောက်ဆုံးမှာတော့ ခိုင်မာတဲ့ ပြတ်သားပြီး လုပ်နိုင်စွမ်းရှိတဲ့ မဟာမိတ်တွေရဲ့ ကွန်ရက်က ကျွန်တော်တို့ရဲ့ အဓိကဗျူဟာမြောက် အားသာချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူရှိနေတာကို တရုတ်က မနာလိုပါဘူး” သူကဆိုသည်။
၂၀၂၅ ခုနှစ်တွင် ထရမ့်ပ်အစိုးရအဖွဲ့ တကျော့ပြန်တာဝန်ယူခဲ့ချိန်မှစကာ ဝါရှင်တန်၏ မဟာမိတ်များအနေဖြင့် ၎င်းတို့၏ သမားရိုးကျ ကာကွယ်ရေးတာဝန်အတွက် ပိုမိုတာဝန်ယူထမ်းဆောင်သင့်ကြောင်းနှင့် အမေရိကတစ်နိုင်ငံတည်းကို ဘဏ္ဍားရေးဝန်ထုပ်ဝန်ပိုး ထမ်းရွက်စေရန် မမျှော်လင့်သင့်ကြောင်း ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်