နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (ဒီဇင်ဘာ ၂) ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက် (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လ နှင့် (၁၈) လ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအပြင် ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးကိုလည်းကောင်း၊ အသက် (၉) နှစ်မှ (၁၁) နှစ်အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ (Td) ကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးလျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအပြင် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းလာစေရန်အတွက် Big Catch-up၊ Routine Catch-up နှင့် Special Immunization Activities နည်းလမ်းများဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းထံသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေသည်ဟုလည်း ဆိုသည်။
ထိုနည်းတူ ခက်ခဲသောဒေသများတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရန်အတွက် ထပ်မံအားဖြည့်ဆောင်ရွက်သွားရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။
