ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက်၊ နံနက် ၉ နာရီက အဆိုပါပန်းခြံရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင် ဒေသထွက် ပန်းမျိုးစိတ်များကို ပြသထားရှိကြောင်း သိရသည်။
ထို့ပြင် ပွဲတော်တွင် သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစားများစွာကိုအသုံးပြု၍ မြေယာရှုခင်းအလှများ ပုံဖော်ပြသထားကြောင်း၊ လာရောက်လည်ပတ်သူများအတွက် စာအုပ်စာစောင်များ အနားယူဖတ်ရှုနိုင်မည့် စာကြည့်တိုက်ပါဝင်ပြီး အလှဓာတ်ပုံရိုက်ကူးရန် နေရာများစွာကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
အားကစားကွင်းနှင့် ကလေးကစားကွင်းများ၊ ဒေသထွက် အစားအစာအရောင်းဆိုင်များလည်း ပါဝင်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ် အပန်းဖြေလေ့လာနိုင်မည်ဖြစ်သည်။
