ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်သည် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် Choam Khsan ခရိုင်ရှိ အန္တရာယ်များသော နယ်မြေများတလျောက် နေရပ်ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စု ၁,၂၈၂ စု စုစုပေါင်း လူဦးရေ ၃,၈၅၀ ဦးကို တနင်္လာနေ့ မွန်းလွဲပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်။
နေရပ်ရွှေ့ပြောင်းသူများကို Preah Vihear ပြည်နယ် Wat Po 5000 ဘေးကင်းလုံခြုံရေးစင်တာတွင် နေရာချထားပေးခဲ့သည်။
ခရီးစဉ်အတွင်း နေရပ်ရွှေ့ပြောင်းသူများ၏ နေရေးထိုင်ရေးအခြေအနေများကို ဝန်ကြီးချုပ်က စစ်ဆေးကြည့်ရှုခဲ့ပြီး နေရပ်ရွှေ့ပြောင်း မိသားစုများ၏ လုံခြုံရေးနှင့် သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေသည့် ပြည်နယ်အာဏာပိုင်များ၊ အစိုးရဝန်ထမ်းများနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် နေရပ်ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်တွင် ညှိနှိုင်းဆောင်ရွက်ကာ ပံ့ပိုးခဲ့ကြသည့် ဌာနဆိုင်ရာအားလုံးကိုလည်း သူကချီးကျူးခဲ့သည်။
“ဒီလုပ်ရပ်တွေဟာ နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေးအတွက် ပြင်းပြတဲ့ တာဝန်သိစိတ်နဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကို ထင်ဟပ်နေပါတယ်” ဟု ခရီးစဉ်အပြီးတွင် မစ္စတာဟွန်မာနက်က ဆိုရှယ်မီဒီယာပေါ်၌ ရေးသားခဲ့သည်။
ကမ္ဘောဒီးယားဘုရင့်အစိုးရသည် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ရန်၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေးကို အာမခံရန် ၎င်း၏ တာဝန်အပေါ် ခိုင်မာစွာ ရပ်တည်လျက်ရှိသည်ဟု သူက ဆိုခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းတို့အကြား အငြင်းပွားနယ်စပ်ဒေသများတွင် တင်းမာမှုများမြင့်တက်လာပြီးနောက် နေရပ်ရွှေ့ပြောင်းမှုလုပ်ခဲ့ခြင်းဖြစ်သည်။ အခြေအနေသည် တည်ငြိမ်နေသော်လည်း လုံခြုံမှုအတွက် အန္တရာယ်ရှိသည်ဟု ယူဆရသည့် နယ်မြေများတွင် နေထိုင်သူများကို အာဏာပိုင်များက ကြိုတင်ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
Ref: ခမာတိုင်းမ်စ်