တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လူသားပုံစံတူ စက်ရုပ်(Humanoid Robots) နှင့် စက်ရုပ်ခွေး များ (Quadruped Robots) ကို ကမ္ဘာ့ဈေးကွက်သို့ စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည့် Unitree Robotics ကုမ္ပဏီသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကုမ္ပဏီသို့ ရောက်ရှိစဉ် Unitree Robotics မှ တာဝန်ရှိသူများက ရိုဘော့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ကမ္ဘာ့ဈေးကွက်အတွင်း ဖြန့်ချီရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ကုမ္ပဏီအတွင်းရှိ သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
Unitree Robotics သည် လူသားပုံစံတူ စက်ရုပ်နှင့် ခြေလေးချောင်းသွား စက်ရုပ်ခွေးကို သုတေသနပြု ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် တရုတ်နိုင်ငံ၏ ထိပ်တန်း ရိုဘော့နည်းပညာကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်တွင် ရိုဘော့ပညာရှင်နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် ဝမ်ရှင်းရှင်း (Wang Xingxing) က ဟန်ကျိုးမြို့၌ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆင့်မြင့် AI နှင့် စက်ရုပ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
