ကမ္ဘာတဝန်းမှာ ပထဝီနိုင်ငံရေး အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်နေချိန်မှာ၊ ရှုပ်ထွေးလှတဲ့ နိုင်ငံတကာ ပြဿနာတွေအတွက် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ မရှိဘူးဆိုတာကို သတိပြုမိဖို့ အရေးကြီးပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက Fox Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
”ကမ္ဘာကြီးဟာ စီးပွားရေးအရရော၊ ပထဝီနိုင်ငံရေးအရပါ အကူးအပြောင်းကာလ တစ်ခုကို ဖြတ်သန်းနေရတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခု ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာ အများစုအတွက် ရိုးရှင်းတဲ့ အဖြေတွေ မရှိသလို၊ တချို့အချိန်တွေမှာဆို ပြီးပြည့်စုံတဲ့ အဖြေမျိုးတွေလည်း မရှိပါဘူး” လို့ ရူဘီယိုက ပြောပါတယ်။
သူ့ရဲ့ အဆိုအရ နိုင်ငံခြားရေး မူဝါဒတွေမှာ “ပြီးပြည့်စုံတဲ့ အဖြေနဲ့ ဆိုးရွားတဲ့ အဖြေ” နှစ်ခုကြား ရွေးချယ်ရတာမျိုး မဟုတ်ဘဲ “အားရစရာ သိပ်မကောင်းတဲ့ ချဉ်းကပ်နည်း နှစ်ခု” ကြားမှာသာ ရွေးချယ်ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကို ထည့်သွင်းစဉ်းစားပြီး၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုရွေးချယ်မှုမျိုးက နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေမလဲ ဆိုတာကိုပဲ ဆုံးဖြတ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ရူဘီယိုက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
