ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာလှည့် ခရီးသွားများ သေဆုံးခဲ့သော စစ်သွေးကြွများ၏ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတင်းကြပ်သည့် အစီအမံအရ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသရှိ ခရီးသွားများလည်ပတ်ရာနေရာ ထက်ဝက်ကျော်ကို အများပြည်သူများကို သွားရောက်ခွင့် ပိတ်လိုက်သည်ဟု အစိုးရ အမိန့်တစ်ရပ်ကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။
ပါဟယ်လ်လန်မြို့တွင် တိုက်ခိုက်မှု ကျူးလွန်ခဲ့သူများသည် ခရီးသွားများ၏ အမည်များကို အရင်မေးကာ ဟိန္ဒူဘာသာဝင်များကို ပစ်မှတ်ထား၍ အနီးကပ်ပစ်ခတ်ခဲ့ရာ၌ ၂၆ ဦးေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူများနှင့် အခင်းဖြစ်စဉ်တွင် လွတ်မြောက်လာသူများက ပြောကြားခဲ့သည်။
အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားနယ်မြေအစိုးရသည် ကက်ရှ်မီးယားရှိ ကမ္ဘာလှည့် ခရီးသွားနေရာ ဒေသ ၈၇ ခုအနက် ၄၈ ခုကို ပိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ကျန်နေရာများတွင်လည်း လုံခြုံရေး ကို တိုးမြှင့်ထားသည်ဟု အစိုးရဆိုင်ရာ စာရွက်စာတမ်းတစ်ခုကို ကိုးကား၍ ရိုက်တာက ဖော်ပြခဲ့သည်။
အဆိုပါနေရာများကို ပိတ်လိုက်သည့် အချိန်ကာလကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ ယင်းအတွက် မှတ်ချက်ပေးရန် တောင်းဆိုမှုကို လတ်တလောတွင် တုန့်ပြန်ခြင်း မရှိသေးပေ။
မြင့်မားသော တောင်ထွက်များ၊ လှပသော ချိုင့်ဝှမ်းများနှင့် ခမ်းနားသော Mughal ခေတ် ဥယျာဉ်များဖြင့် ဟိမဝန္တာတောင်တန်းတွင် တည်ရှိသော ကက်ရှ်မီးယားသည် မကြာသေးမီနှစ်များအတွင်း အကြမ်းဖက်မှုများ လျော့ကျလာသောကြောင့် အိန္ဒိယ၏ ခရီးသွားနေရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
Ref: အေးရှားဝမ်း