ရန်ကုန်၊ မေ ၂၂
၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။
ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။
အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ အောင်မြင်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရုန်းထနိုင်ရေး ရည်မှန်းချက်များကို ရရှိရန်အတွက် အတူတကွ လက်တွဲလုပ်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၎င်း၏ ဘက်စုံသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော် သယ်ယူပို့ဆောင်ရေး မဟာစီမံကိန်းပါ ဦးစားပေးအစီအစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်ရုန်းထနိုင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့ကိုလည်း အဓိက ထား၍ လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးတွင် အဓိက ဆွေးနွေးချက်များမှာ အာဆီယံ-နူးဇီလန် လေကြောင်း ဝန်ဆောင်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း၊ အာဆီယံ တစ်ဝန်းလျှပ်စစ်ကား အကောင်အထည်ဖော်ရေး စီမံကိန်းရေးဆွဲခြင်း၊ သင်္ဘောစွန့်ပစ်အညစ်အကြေး စီမံခန့်ခွဲရေး မဟာဗျူဟာ ရေးဆွဲခြင်းနှင့် ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု မူေဘာင်ကို အပြီးသတ် ရေးဆွဲရေး တို့ ပါဝင်ပါသည်။
အစည်းအဝေးများမှ အဓိပ္ပာယ်ပြည့်ဝသော ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ဒုတိယဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အကြီးတန်းအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် ဆွေးနွေးဖက်နိုင်ငံများမှ အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးများကို သောကြာနေ့အထိ ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။
Ref: ရှင်းဟွာ
