ရန်ကုန်၊ ဩဂုတ် ၁၁
၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆ ၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့် လေးယောက်တွဲပြိုင်ပွဲများမှ ဆုရရှိခဲ့သည့် နိုင်ငံများအား ဆုတံဆိပ်များ ပေးအပ်သည့် အခမ်း အနားကို ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်နာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲချုပ်ထံမှ သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းက ပြိုင်ပွဲအမျိုးအစား ၆ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု စုစုပေါင်း ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ယနေ့တွင် ဆုတံဆိပ်များ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရသည်။
အမျိုးသား ၃ ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတို့တွင် ဆုတံဆိပ် ရရှိခဲ့ခြင်း မရှိပေ။
ယခုနှစ် ပြိုင်ပွဲသို့ မြန်မာအသင်းမှ အဖွဲ့ခေါင်းဆောင် ဦးသန်းလွင် ဦးဆောင်သော အုပ်ချုပ်/နည်းပြ ၆ ဦး၊ အမျိုးသား ကစားသမား ၁၅ ဦးနှင့် အမျိုးသမီး ကစားသမား ၉ ဦး စုစုပေါင်း ၃၀ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွက် အောင်မြင်မှု ဆွတ်ခူးပေးခဲ့သူများကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ထားကြောင်း သိရသည်။
