
အဆိုတော် မွန်းအောင်က ၈၈ ကာလနောက်ပိုင်းမှာ ပြည်ပကိုထွက်ခွာသွားခဲ့ပြီး ယခုနှစ်ပိုင်းအတွင်းမှာတော့ ပြည်တွင်းမှာ ဂီတလှုပ်ရှားမှုတွေနဲ့ ပြန်လည်မြင်တွေ့ လာရပါတယ်။ အခုတစ်ခေါက်မှာတော့ မွန်းအောင်က ပြည်တွင်းမှာ တရားဝင် ဖြန့်ချိတော့မယ့် စီးရီးသစ်ကို စီစဉ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီစီးရီးကိုတော့ ကမ္ဘာ့လူ့အခွင့် အရေးနေ့ဖြစ်တဲ့ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပြီး သီချင်း ၁၂ပုဒ် ပါဝင်ကြောင်း သိရပါတယ်။ သီချင်းများကိုတော့ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုချစ်မျိုး၊ကိုအောင်ဝင်းနဲ့ မွန်း အောင်တို့ ကိုယ်တိုင်ရေးဖွဲ့ထားပြီး ခေတ်ကိုထင်ဟပ်စေမယ့် သီချင်းတွေလည်းဖြစ်တယ်လို့သိရပါတယ်။
” ကျွန်တော်တို့ဒီစီးရီးကို ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အသံသွင်းခဲ့ပါတယ်။ ကြားထဲမှာ မထုတ်နိုင်သေးလို့ မထုတ်ဖြစ်သေးတာပါ။ ဒီတစ်ခေါက် မြန်မာပြည် ပြန်ရောက်တော့ အတတ်နိုင်ဆုံးကြိုးစားပြီး ဒီအခွေလေးကို ဖြန့်ချိဖို့ စီစဉ်တာပါ။ ဒီသီချင်းတွေက သွင်း ထားတာ နှစ်နှစ်ကြာပြီဖြစ်ပေမယ့် စာသားတွေ အကြောင်းအရာတွေက အချိန်လင့်မသွားသေးဘူးလို့ ထင်ပါတယ်။ ဒီစီးရီးနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကို ဝိုင်းဝန်းကူညီပေးကြသူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောတဲ့မွန်းအောင်ရဲ့ ဒီစီးရီးကတော့ သူ့ရဲ့နောက်ဆုံးထွက်ရှိခဲ့တဲ့စီးရီးနဲ့ဆို ၂၈နှစ်ကြာမြင့်ကွာဟခဲ့တယ်လို့လည်း သိရပါတယ်။
” ကျွန်တော့်အနေနဲ့ ၂၈ နှစ်တာအတွင်း အမိမြေမှာ ပထမဆုံး ပြန်လည်ဖြန့်ချိတဲ့စီးရီးပါ။ နောက်ဆုံးထွက်ခဲ့တဲ့ စီးရီးအပြီး ဒါပထမဆုံး ပြန်ထွက်တာပါ။ ကျွန်တော်အရင်က အတွေ့အကြုံရှိခဲ့တဲ့ ဂီတလောကနဲ့ဒီနေ့ခေတ် ဂီတလောက အများ ကြီးကွာသွားပါပြီ။ တချို့ကိစ္စတွေကျတော့လည်း ခုမှ ပြန်လေ့ လာရပါတယ်” လို့ မွန်းအောင်က ပြောပါတယ်။ မွန်းအောင်ရဲ့ စီးရီးသစ်ကို ဒီဇင်ဘာလ ၁ဝ ရက်နေ့  မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး မွန်းအောင်အနေနဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလထဲမှာပြုလုပ် ဖို့ရှိတယ်လို့လည်း သိရပါတယ်။ မွန်းအောင်ရဲ့ ဒီစီးရီးသစ် မှာတော့ ငြိမ်းချမ်းရေးကို လို လားတဲ့အတွက် =ငြိမ်းချမ်းရေး မိုးစက်များ+ အမည်ပေးထားတာ ဖြစ်ပြီး သီချင်း ၁၂နှစ်ပုဒ်မှာ အင်္ဂလိပ်သီချင်းတစ်ပုဒ်လည်း ပါဝင်တယ်လို့သိရကာ သီချင်းအားလုံးရဲ့စာသားများကိုလည်း အင်္ဂလိပ်ဘာသာသို့ပြန်သီဆိုပြီး သီချင်းစာအုပ်မှာထည့်သွင်းဖော်ပြသွားမယ်လို့ သိရပါတယ်။
P-054
